Friday, April 9, 2010

စိုင်းစိုင်းခမ်းလှိုင် ပြေတီဦး နဲ့  ပျော်တော်ဆက်



တလောက သရုပ်ဆောင်မော်ဒယ်တစ်ဦးရဲ့  မွေးနေ့ ပွဲကို ပျော်တော်ဆက်တက်ဖြစ်ခဲ့တယ်ဆိုပါတော့။ ဘယ်သူ့ မွေးနေ့ လဲလို့ တော့မမေးနဲ့ နော် ဟဲဟဲဟဲ။ မွေးနေ့ ပွဲကတော်တော်စည်သဗျ။ လာကြတဲ့သူတွေဝတ်စားထားတာကလဲ ပြိုးပြိုးပြက်ပြက်နဲ့  မျက်စေ့တွေတောင်ကြိမ်းသဗျာ။ ပျော်တော်ဆက် ဒါတွေ စိတ်မ၀င်စားပါဘူး။ ပျော်တော်ဆက် စိတ်ဝင်စားတာ ဧည့်ခံတဲ့ အစားအသောက်တွေလေ။ နောက်ပြီး လှတပတ မော်ဒယ်မလေးတွေ ငှီးငှီး။ ဒီပွဲကိုပျော်တော်ဆက်ရောက်တာတော်တော်စောတယ်။ ဟိုသီချင်းလေးလိုပေါ့။ လာလေစောစောသွားမှ တို့ နေရာရမယ် ဆိုတာလေ။ နောက်ကျတာ သေတာတစ်ခုပဲကောင်းတာမဟုတ်လား။

ပျော်တော်ဆက်ရောက်တော့ လူသိပ်မရှိသေးဘူး။ ၈ ယောက်ထိုင် စားပွဲကြီးမှာ ပျော်တော်ဆက် တစ်ယောက်ထဲရယ်။ တအောင့်လောက်နေမှ စုံတွဲတစ်တွဲရောက်လာတယ်။ ပျော်တော်ဆက်စားပွဲမှာ လာထိုင်တာနဲ့ ဘယ်သူတွေလဲလို့ မော့ကြည့်လိုက်တော့ ...


ပြေတီနဲ့ အမွန်တို့ ဖြစ်နေတယ်။ နောက်ထပ် ၅ မိလောက်နေတော့ နောက်ထပ် စုံတွဲတစ်တွဲရောက်လာပြန်တယ်။ သူတို့ လဲ ပျော်တော်ဆက် စားပွဲမှာပဲ ၀င်ထိုင်လိုက်ကြတယ်။ သူတို့ ကစိုင်းစိုင်းနဲ့ ဝတ်မှုန်လေ။

ထိုင်ထိုင်ချင်းပဲ စိုင်းစိုင်းကနှုတ်ဆက်တယ်။

- ကိုပျော့တော့ကြီး ရောက်နေတာကြာပြီလား

တဲ့။ စိုင်းစိုင်းတို့ ကတော့လုပ်ချလိုက်ပြန်ပြီ။ ပေါက်တောက်ကရပြောရမယ်ဆိုရင် သူကထိပ်ဆုံးက။

- ပျော်တော်ဆက်ကြီးပါ မင်းလုပ်မှပဲ ပျော့တော့ကြီးဖြစ်တော့တယ်

- ဟားဟားဟားဟား

သူကသဘောကျပြီး အားရပါးရရယ်သည်။

- စ တာပါဗျာ ဒါနဲ့ တစ်ယောက်ထဲလား

ဟွန်း ... တစ်ယောက်ထဲ မြင်ရက်သားနဲ့ တစ်ယောက်ထဲလားတဲ့ ။ သူတို့ ကအတွဲလေးတွေနဲ့ ဆို လူကို ရိတာပေါ့လေ။

- ဒါပေါ့

- ခေါ်မလာဘူးလား

ဒီမေးခွန်းကို ပြေတီကမေးတာ။ ပျော်တော်ဆက် နဲနဲတော့ တင်းသွားတယ်။ ဘယ်သူ့ ကိုခေါ်လာရမှာလဲ။ ဒီလောက်ရုပ်ဆိုးဆိုးပျော်တော်ဆက်ကို ဘယ်သူကရော စိတ်ဝင်စားကြမှာမို့ လို့ လဲ။

- ခေါ်လာစရာမလိုပါဘူး။ ဒီနေရာမှ ကြိုက်တဲ့သူ တစ်ထိုင်တည်းတွဲလို့ ရတယ်

ပျော်တော်ဆက်လဲ ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တာ။ အဲလောက်များအဖြစ်ရှိရင် ပျော်တော်ဆက်တို့  ဟောတစ်ယောက် ဟောတစ်ယောက်ပေါ့။ အခုတော့ ...

- ဟာဟ ကိုပျော့တော့က အလာကြီးပါလား။ မယုံဘူး လာဖြီးမနေနဲ့ 

စိုင်းစိုင်းကလူကိုလာဆွပေးနေပြန်ပါပြီ။ စိတ်တိုပြီး အူထဲလိပ်လိပ်ဖြစ်လာသလိုပဲ။

- စိမ်မလား

- ဘာကြေးလဲ

- အမွန်လေးကိုပေးမယ်ဗျာ ခင်ဗျားကြီးရှုံးရင်ရော

အဟီး... ပျော်တော်ဆက်မှာ ဘာမှပြန်ပေးစရာမှမရှိတာ။

- ကိုပြေကလဲ

အမွန်က ရှက်စနိုးနဲ့ ပြေတီကိုလက်သီးဆုပ်နဲ့  ခပ်ဖွဖွလှမ်းထုတယ်။

- ငါ့မှာပေးစရာဆိုလို့  တွမ်ထားတဲ့ ဒီဝိုင်းက ကိတ်တွေပဲရှိတယ် ဟဲဟဲ ဒါမှမဟုတ်မင်းတို့ ကြိုက်တာခိုင်းကွာ ဘယ်လိုလဲ

- ရတယ်ရတယ် နောက်မှ မလုပ်နိုင်ဘူးမပြောနဲ့ 

- မပြောဘူး မင်းတို့ သာ နောက်မှ နောင်တမရနဲ့ 

- ကိုပျော့တော့ကြီးလေသံကမာလှချည်လား လုပ်စမ်းပါဦး ဘယ်လိုစိမ်မှာလဲ

- ကကြီး ခကွေးမေးမယ်ကွာ မဖြေနိုင်ရင် မင်းတို့ အရှုံး

- ဟားဟားဟားဟား ဒါများကိုပျော့တော့ရယ် စိုင်းစိုင်းတို့ က ဟစ်ဟော့တွေဆိုနေတာ ကကြီး ခကွေးလောက်ကတော့ ပြောင်းပြန် ပြန်ရွတ်လို့ ရတယ် ဟားဟားဟားဟား

- မင်းရှုံးရင် ၀တ်မှုန်ကိုပေးရမှာနော်

- ပေးတယ် ပေးတယ် ဆယ်ခါပြန်ပေးတယ် မေးမှာသာမေး

- ဒါဆိုမေးပြီ

- ကကြီးပြီးတော့ ဘာလဲ

- လွယ်လွယ်လေး ခကွေးပေါ့

- ခကွေးပြီးတော့

- ဂ ငယ်ပေါ့

- ဂ ငယ်ပြီးတော့

- ဃ ကြီးလေ

- ဃ ကြီးပြီးတော့ရော

- င ဗျာ

- င ပြီးတော့

- စ လုံးခဗျ

- စ လုံးပြီးတော့

- ဆ လိမ်

- ဆလိမ်ပြီးတော့

- ဇ ကွဲလေ ဇကွဲ

- ဇကွဲပြီးတော့

- ဈ မျဉ်းဆွဲ ဟုတ်တယ်နော်

- ဈမျဉ်းဆွဲပြီးတော့

- ည

- ည ပြီးတော့

- ဋ တလင်းချိတ်

- မှားပြီ .. ည ပြီးတော့မနက်ဟ လာထား ၀တ်မှုန် ပိုင်လိုက်တာကွာ ဒုံ ...

- စိုင်းစိုင်း လုပ်ဦး

ဝတ်မှုန်လေးက ပျော်တော်ဆက်ဘေးကခုံအလွတ်မှာ ပြောင်ထိုင်းရင် စိုင်းစိုင်းကိုလှမ်းပြောတယ်။ စိုင်းစိုင်းက ခေါင်းကိုကုတ်ရင်း

- ကိုပျော့တော့ကြီး လူလည်ကျသွားပြီး သွားပါပြီ ငါ့ဝတ်မှုန်လေးတော့ ပြေတီရေ ကယ်ပါဦးဟ

ပြေတီ ကော်လံကိုလက်နှစ်ထက်နဲ့ကိုင်ရင်း...

- ပြေတီရှိပါသေးတယ် မပူပါနဲ့ စိုင်းစိုင်းရာ ဒီလူကြီးဝတ်မှုန်ကိုပြန်ပေးရတဲ့အပြင်ငါတို့ ခိုင်းတာလုပ်ရအောင် လုပ်ပြမယ်

- ကိုပြေ စဉ်းစားဦးနော်

အမွန်က စိုးရိမ်တကြီးဆိုသည်။

- ကဲ စိမ်မှာလား မင်းရှုံးရင် အမွန့် ကိုပေးရမှာနော်

- စိမ်တယ်ဗျာ

- ဒါဆိုမေးပြီ

- မေး

- က ကြီးဘေးကဘာလဲ

- ခ ကွေးပေါ့ လူကြီးရဲ့ 

- ဟုတ်ပါပြီ ခကွေးဘေးက

- ဂ ငယ်လေ ဂ ငယ်

- တော်နေတယ်ပေါ့ ဂငယ်ဘေးက

- ဃ ကြီး

- ဃကြီးဘေးက

- င

- င ဘေးက

- စ လုံး

- ဟားဟားဟား မှားပြန်ပြီ နောက်တစ်ယောက် ငါ့ဘေးမှာ ၀တ်မှုန်လေးလေ အခုနကမှ ဆွဲစိထားတာ ပူပူနွေးနွေးလေးရှိသေးတယ် လာထား စားတယ် အမွန်ကို

- ကိုပြေ ဒီလူကြီးနားမနေချင်ဘူး လုပ်ဦး ...

အမွန်လက်ကိုဆွဲပြီး နဘေးကခုံမှာ အထိုင်ခိုင်းတော့ အမွန်ကအင်တင်တင်နဲ့ ပြေတီ့ကိုလှမ်းပြောနေတယ်။ စိုင်းစိုင်းနဲ့ ပြေတီ နှစ်ယောက်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပဲ ထိုင်ရမလို ထရမလိုဖြစ်နေတယ်။

ကဲ ... မှတ်ပလား။ လူကို ချိုကျိုးနားရွက်ပဲ့ဆိုပြီး ရိချင်တဲ့ကောင်တွေ။

ဒီနေ့  ပျော်တော်ဆက်တို့ များ ကံကောင်းချက်က နေ့ ချင်းညချင်း နာမည်ကျော် မင်းသမီးနှစ်ယောက်ကို တပြိုင်ထဲတွဲလိုက်ရတာ .. ဟားဟားဟား

- ယောက္ခမကရော့ဟေ့ ယောက္ခမကရော့စတား

- ဟေ့လူ အဲဒါ ကျုပ်သီချင်း မဆိုနဲ့ 

သိနေတယ်လေ သိနေတယ်။ စိုင်းစိုင်းတစ်ယောက် ပေါက်ကွဲပြီး လျှောက်ပြောနေတယ်ဆိုတာ။

ပြေတီကတော့ မျက်နှာကြီးနီရဲပြီး ပျော်တော်ဆက်ကို ဘုကြည့် ကြည့်နေတယ်။

သူတို့ နှစ်ယောက်ကို ထပ်ကလိချင်တာနဲ့  ၀တ်မှုန်နဲ့ အမွန်တို့ လှမ်းဖက်ပြီး သီချင်းဆိုနေလိုက်တယ်။

- ငါလဲဆိုလို့ ရတာပဲ ဆိုတော့ဘာဖြစ်လဲ xxx ၀တ်မှုန် လှုပ်ပါဟေ့ အမွန်လဲ လှုပ်ပါဟေ့ xxx သူများအကြောင်းလဲမပြောတတ်ပါ ၀တ်မှုန် အမွန်နဲ့  ဘာညာကွိကွ xxx အမိုက်စား အမိုက်စား အမိုက်စား ၀တ်မှုန် အမွန်တို့  အမိုက်စား xxx ဒီနေရာမှာ နဲနဲလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း xxx ပျော်တော်ဆက်က မင်းသမီးနှစ်ယောက်နဲ့ ပွေ့ ဖက်ခြင်း xxx ဟိုရှေ့ ဘက်က ငနဲနှစ်ယောက်ကို ခေါက်ထားလိုက် xxx ပြေတီဦးနဲ့ SAI xxx

- ဒီနေရာမှာ နဲနဲလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း ပျော်တော်ဆက်က မင်းသမီးနှစ်ယောက်ကို ပွေ့ ဖက်ခြင်း ခြင်း ......

- ဟဲ့ သေနာကြီး မနက်စောစောစီးစီး ဘာတွေ ထအော်နေတာလဲ ဗိုက်ဆာနေရင်လဲထစား ပဲပြုပ်နဲ့ ထမင်းကြမ်းရှိတယ်

- ဟေ ......

အားပါး ... သေပါပြီဆရာ ...

သေနာမ ဒီမှာအိပ်မက်လေးကောင်းနေတာကို လာဖျက်တယ် ဒင်းတော့လား ဟွန်း ထမင်းကြမ်းစားပြီးမှ အတင်းနမ်းလိုက်ရဦးမယ် ...


နားပါဦးမည်


No comments: